ပအိုဝ်းအမျိုးသားများပထမဦးဆုံးအသုံးပြုခဲ့သောအလံမှာ ၁၉၂၈ ခုနှစ်၊ ဖြားတန်ကောင်ခဲ ဦးဆောင်သော ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးအလံဖြစ်သည်။ ၄င်းအလံ သည်
အလျား(၉)ပေ၊အနံ(၅)ပေရှိသော အစိမ်းရောင်ဖြစ်သည်။ အစိမ်းရောင်၏ အလယ်ဗဟိုတည့်တည့်တွင် အဖြူရောင်စက်ဝိုင်းပါရှိသည်။ အဖြူရောင်စက်ဝိုင်းအတွင်းတွင် တိုင်ရင်း ဘက်သို့ မျက်နှာမူထားသော ထိုင်နေသည့် ခြင်္သေ့ပုံ ပါရှိသည်။ အစိမ်းရောင်၏အဓိပ္ပါယ်မှာ နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက်ရွှင်လန်းခြင်းနှင့် အေးချမ်းသာယာခြင်းကို ဖော်ဆောင် သည်။ အဖြူရောင်သည် ဖြူစင်သန့်ရှင်းခြင်း၊ ကျစ်လစ်သိမ်မွေ့ နူးညံ့ခြင်းနှင့် အေးချမ်းသာယာတည်ငြိမ်သော သဘောကိုဆောင်ပါသည်။ ခြင်္သေ့သည် ခွန်အားကြီးမား၍ လျင်မြန်သွက် လက်ပေါ့ပါးစွာ လှုပ်ရှားနိုင်သော အစွမ်းရှိသည်။
ဒုတိယကမ္ဘာစစ်အပြီး အာရှနိုင်ငံများ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရန် အမျိုးသားလှုပ်ရှားမှုများ စတင်ကြိုးပမ်းလာခဲ့ကြသည်။ မြန်မာနိုင်ငံသည်လည်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ လွတ်လပ်ရေးရရှိရန် အပူတပြင်း ကြိုးပမ်းလာခဲ့ကြသည်။ ၁၉၄၆ ခုနှစ်၊ ပထမပင်လုံညီလာခံနှင့် ၁၉၄၇ ခုနှစ်တွင် ဒုတိယပင်လုံညီလာခံ ကျင်းပနိုင်ခဲ့ ပြီး မြန်မာ့လွတ်လပ်ရေးကို အတူတကွရယူရန် တောင်တန်းဒေသတိုင်းရင်းသားများနှင့် သဘောတူညီမှုရရှိခဲ့သည်။ ရှမ်းပြည်ပြည်သူ့လွတ်လပ်ရေးအဖွဲ့နှင့်အတူ ပအိုဝ်းလူငယ်များ ပါဝင်လှုပ်ရှားခဲ့သည်။၁၉၄၆ ခုနှစ်တွင်တောင်ကြီးဒေသ၊ ဟိုပုံးဒေသ၊ လွိုင်လင်ဒေသနှင့် ဆီဆိုင်ဒေသအတွင်း ပအိုဝ်းအမျိုးသားများကို စတင်စည်းရုံးခဲ့ကြသည်။ ၁၉၄၇ ခုနှစ်တွင် ပအိုဝ်းအမျိုးသားကိုယ်စားပြု ပအိုဝ်းလွိုင်ဗူ (ခေါ်) ပအိုဝ်းစုစည်းအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ပအိုဝ်းလွိုင်ဗူဥက္ကဌအဖြစ် ဦးဖိုးခင်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးခမ်းခိုင် အားလည်းကောင်း ရွေးချယ်တင်မြောက်ခဲ့ကြသည်။
ပအိုဝ်းအမျိုးသားကိုယ်စားပြု ပအိုဝ်းလွိုင်ဗူ (ခေါ်) ပအိုဝ်းစုစည်းအဖွဲ့၏ အလံမှာ အလျား(၉)ပေ၊ အနံ(၅)ပေရှိ အစိမ်းရောင်ဖြစ်ပြီး အစိမ်းရောင်၏ အလယ်ဗဟိုတည့်တည့်တွင် အဖြူရောင်စက်ဝိုင်းပါရှိသည်။ အဖြူရောင်စက်ဝိုင်း၏အလယ်တွင် ယခင်အသုံးပြုခဲ့သော ခြင်္သေ့အစား ဒေါင်းပုံကို အသုံးပြုခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် ပအိုဝ်းလွိုင်ဗူ (ခေါ်) ပအိုဝ်း စုစည်းအဖွဲ့အစား ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အတိုကောက်အားဖြင့် ပအမဖ ကို အမည်ပြောင်းလဲ၍ အသစ်ထပ်မံဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ပအမဖ ၏ ဥက္ကဌအဖြစ် ဗိုလ်ဟိန် မောင်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးဖေရှင်အားလည်းကောင်း ရွေးချယ်တင်မြောက် တာဝန်ပေးအပ်ခဲ့ကြသည်။
Sunday, June 30, 2013
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment